Tuesday, July 17, 2007

လုပ်ပိုင်ခွင့်နဲ့ လူ့အခွင့်အရေး

သံလွင်အိပ်မက်က တင်ပေးတဲ့ ခေါင်းစဉ်လေး တွေက တော်တော် စိတ်ဝင်စားစရာ ကောင်း ပါတယ်။ အပတ်စဉ် ၉အတွက် တင်ပေးထားတဲ့ ခေါင်းစဉ်ကို ဖတ်အပြီး မှာတော့ "လုပ်ပိုင်ခွင့်"ဆိုတဲ့ စာသားကို ဖတ်ပြီး ပြုံးမိ ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ တွင်းမှာ "ဂွင်ဖန်တယ်"၊ "ဂွင်ရိုက်တယ်" ဆိုတဲ့ စကား များဟာ လုပ်ပိုင်ခွင့် လေး နည်းနည်း ရတာနဲ့ ကိုယ်ကျိုး ရှာကြသူတွေ ပြောနေကျ စကား ဖြစ်နေလို့ပါ။ "လူ့အခွင့်အရေး"ဆိုတဲ့ စကား ကိုလည်း နိုင်ငံရေး နယ်ပယ်သုံး ဝေါဟာရ အဖြစ် မြင်နေ ကြပါတယ်။ တော်တော် ၀မ်းနည်း စရာ ကောင်းတဲ့ အခြေအနေပါ။ တကယ်တော့ သည်စကားဟာ လူသား ရေးရာ ဝေါဟာရ ဖြစ်ပြီး နိုင်ငံရေး ဝေါဟာရ မဟုတ်ပါဘူး။ သားသမီး အခွင့်အရေး အဖြစ် ကိုယ့်မိဘ ဆီက မုန့်ဖိုးတောင်းတာ၊ ကလေး နို့စို့ ချင်လို့ ငိုတာ နိုင်ငံရေး အလုပ်လား။ ကလေး အခွင့်အရေးလား။ မိဘနေရာ ယူထားသူက ပေးသင့် ပေးထိုက် တာကို မပေးချင်လို့၊ မပေးလို့ ကလေးက ငိုတိုင်း နိုင်ငံရေး ဆူပူမှု ခေါင်းစဉ် တပ်ပြီး အရေးယူ ခံရတာ များလာတော့ လည်း သည်လို အထင်အမြင် လွဲမှုတွေ ပေါ်ပေါက် လာရတာ ပဲလို့တွေးမိပါတယ်။ ယခုခေတ်မှာ မြန်မာပြည် တွင်းရှိ လူ တော်တော် များများဟာ "လုပ်ပိုင်ခွင့်နဲ့ လူ့ အခွင့်အရေး" ဆိုတဲ့ စကားနှစ်လုံး အပေါ်ကို အတော် အထင်အမြင် လွဲနေတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။
လုပ်ပိုင်ခွင့် ဆိုတာ အာဏာရှိမှ လုပ်နိုင် ကိုင်နိုင်တာ၊ သူတပါးက ကိုယ့်ကို အာဏာနဲ့ လုပ်ပိုင်ခွင့် ပေးမှ ရယူ ပိုင်ဆိုင် နိုင်တာ မဟုတ်ပါဘူး။ "မိမိက မိမိကိုယ်ကို ပြန်လည် အပ်နှင်း ထားတဲ့၊ မိမိလုပ်သင့် လုပ်ထိုက် တာကို အဂတိ လေးပါး ကင်းရှင်းစွာ လုပ်နိုင်ခွင့်" ဟာလည်း လုပ်ပိုင် ခွင့်ပဲ ဖြစ်ပါတယ်။ အများ မိုးခါး ရေသောက်တိုင်း ကိုယ်လိုက် မသောက်ဖို့ ဆုံးဖြတ်ခွင့် ဟာလည်း မိမိကိုယ်ကို လေးစား တန်ဖိုးထား သူတိုင်း ဆုံးဖြတ် နိုင်တဲ့ ကိုယ်ပိုင် လုပ်ပိုင်ခွင့် ပဲ ဖြစ်ပါတယ်။ သည်နေရာမှာ "ကိုယ်က သည်လို လုပ်လည်း သူတပါးက ကိုယ့်ဖြူစင် သန့်ရှင်းမှု ကိုသိမှာ၊ တန်ဖိုးထားမှာမှ မဟုတ်တာ" လို့ ဆွယ်တရား ဟောသူ ရှိလာလျှင် "ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကိုယ့်ဖြူစင်မှုကို ကိုယ်မြတ်နိုးလို့ ကိုယ့်လိပ်ပြာ ကိုယ်သန့်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိချင်လို့ လုပ်တာ" လို့ရဲရဲတောက် ပြန်ပြော နိုင်ခွင့် ဟာလည်း မိမိရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။
လူ့အခွင့်အရေး ဆိုတာ ဟာလည်း အာဏာရှင် သူတပါးထံက တောင်းယူလို့ ရမှ လူ့အခွင့်အရေး စစ်စစ် ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်က ရသင့်ရထိုက် တာကို ရအောင် တောင်းယူ နိုင်မှု ကိုမှ လူ့အခွင့်အရေးလို့ ခေါ်တာ မဟုတ် ပါဘူး။ ကိုယ်က လုပ်ပေးသင့် ပေးထိုက်တာကို လုပ်ပေး နေနိုင်မှု ဟာလည်း လူ့အခွင့်အရေး ပါပဲ။ သည်လို အခွင့်အရေး တွေကို တောင်းယူ နေစရာ မလိုပါဘူး။ ကိုယ့်ဟာကို လုပ်ယူ လို့လည်း ရနိုင်ပါတယ်။ လုပ်မရအောင် လိုက်ပိတ် နေရင် ပိတ်ထားတဲ့ ကြားက ရအောင် ထွက်ပေါက် ရှာနိုင်ခွင့် ဟာလည်း ကိုယ့်အခွင့်အရေး ပါပဲ။ သည်လို လုပ်နိုင်ဖို့ ကြွေးကြော် နေစရာလည်း မလိုပါဘူး။ လုပ်စရာ ရှိတာကို ကိုယ့်အသိ နဲ့ကိုယ် လုပ်သွားဖို့ပဲ ရှိပါတယ်။
မိမိရဲ့ တိုင်းပြည်နဲ့လူမျိုး အတွက် ကောင်းကျိုး ပြုဖို့ဘာကြောင့် လိုသလဲလို့ ဆန်းစစ် ကြည့်ရင် မိမိနေတဲ့ အိမ်ကို သန့်ရှင်းရေး ပုံမှန် လုပ်ဖို့ ဘာကြောင့် လိုသလဲ။ မိမိရဲ့ ညီအစ်ကို မောင်နှမ များကို စာရိတ္တ ကောင်းအောင် လုပ်ဖို့ ဘာကြောင့် လိုသလဲလို့မေးသလို ဖြစ်နေပါ လိမ့်မယ်။ တကိုယ်ကောင်း ဆန်ဆန် စဉ်းစားရင် တောင် ကိုယ်နေတဲ့ အိမ်ကောင်းမှ ကိုယ် ကောင်းကောင်း နေလို့ရမှာ ဖြစ်ပြီး ကိုယ့်ဆွေမျိုး သားချင်း ဆိုးနေရင် လူဆိုးမျိုးရိုး အဖြစ် ကိုယ်ပါ အရောင်ဟပ် နေမှာ စိုးရိမ်တာမို့ ဖြစ်ပါတယ်။ မိမိရဲ့ တိုင်းပြည်နဲ့လူမျိုး အတွက် ကောင်းကျိုး ပြုချင်ရင် လုပ်ပိုင်ခွင့် ရမှ လုပ်ပေးမယ် ဆိုတာမျိုး စိတ်ထား စရာတောင် မလိုပါဘူး။ ကိုယ်လုပ်စရာ ရှိတာကို တနိုင်တပိုင် လုပ်ရုံပဲ ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည် ခေါင်းဆောင်ကြီး များဟာ လုပ်ပိုင်ခွင့် ရလို့ တိုင်းပြည် လွတ်လပ်ရေး ရအောင် လုပ်သွားကြသူတွေ မဟုတ်ပါဘူး။ အာဇာနည် ဖြစ်ခွင့် ရဖို့ အတွက်လည်း မိုက်ရူးရဲ လုပ်ကာ အသက်စွန့် သွားကြသူတွေ မဟုတ်ပါဘူး။ မရှိတဲ့ လုပ်ပိုင်ခွင့်ကို အသက်နဲ့ ရင်းကာ မိမိ ယုံကြည်ရာကို ကြိုးစား အကောင်အထည်ဖော် လုပ်ကိုင် သွားကြသူ တွေသာ ဖြစ်ပါတယ်။ တိုင်းပြည် ကောင်းအောင် လုပ်ဖို့အတွက် နိုင်ငံရေး စကားတွေ ပြောနေဖို့ မလိုအပ်ပါဘူး။ သို့သော် မိမိ ကိုယ်တိုင်က အစပြုပြီး မိမိ ပတ်ဝန်းကျင်ကို တစစ ပိုကောင်းလာ အောင်တော့ ယခုချက်ချင်း လက်ငင်း ထလုပ်နိုင် ပါတယ်။ သည့်အတွက် တော့ဖြင့် လုပ်ပိုင်ခွင့်တွေ၊ လူ့အခွင့်အရေး တွေကို သူတပါးထံမှ စောင့်တောင်း နေစရာ မလိုဘဲ မိမိကိုယ် မိမိ ကိုယ်ပိုင် လုပ်ပိုင်ခွင့်တွေ၊ ကိုယ်ပိုင် အခွင့်အရေး တွေကို ရဲရဲကြီး၊ ရက်ရက် ရောရောကြီး ပေးကာ ချက်ချင်းလက်ငင်း စလုပ်နိုင် ကြောင်းပါခင်ဗျား။

No comments: